သင့်ကလေးမှာ အကောင်းမြင်စိတ် ရှိစေဖို့

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ

ဒီနေ့ခေတ်မှာ အကောင်းမြင်စိတ် (Positive attitude) ဟာ လူတစ်ယောက် အောင်မြင်ဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အရည်အသွေးတစ်ခုအဖြစ် သတ်မှတ်လာကြပါပြီ။ ပညာတွေ ဘယ်လောက်တတ်တတ်၊ ပါရမီဘယ်လောက် ရင့်သန် ရင့်သန်၊ အကောင်းမြင်စိတ်မရှိရင် စိန်ခေါ်မှုများလှတဲ့ ခေတ်သစ်မှာ ယှဉ်ပြိုင်နိုင်ဖို့ရာ မလွယ်ပါဘူး။ သတင်းကောင်းကတော့ အဲဒီလို အကောင်းမြင်စိတ် ရှိလာအောင် ကလေးဘ၀ကတည်းက ပျိုးထောင်ပေးလို့ ရနိုင်တယ်ဆိုတာပါပဲ။

၁။ ကလေးက ကျောင်းနေအရွယ်ရောက်မှ သင်ယူမှုစတင်တယ် ဆိုတဲ့အချက်ကို မေ့ပစ်ပါ။

ကလေးတွေဟာ သူကျင်လည်တဲ့ ပတ်ဝန်းကျင်ကနေ နေ့စဉ်နဲ့အမျှ သင်ယူနေပါတယ်။ သူဟာ အင်တင်နာတစ်ချောင်းလိုပဲ ပတ်ဝန်းကျင်က ကြုံတွေ့ရသမျှကို အကုန်ဖမ်းယူနေတာပါ။ ဒါကြောင့်မို့ ကလေးပဲ မသိသေးပါဘူး၊ နားမလည်သေးပါဘူး ဆိုတဲ့ အယူအဆကို အုပ်ထိန်းသူမိဘတွေ မေ့ပစ်ဖို့ လိုပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ပြောနေတဲ့စကား၊ လုပ်နေတဲ့အပြုအမူတွေအကုန်လုံးကို ကလေးက မှတ်ယူနေတယ်ဆိုတာ အမြဲသတိရပါ။

၂။ အနီးကပ်ပြုစုစောင့်ရှောက်သူရဲ့ အရေးပါမှု

ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် အကောင်းမြင်စိတ် အင်မတန်နည်းပါးပြီး အရာရာကို အဆိုးမြင်တတ်သူတွေ၊ ဘာကိစ္စနဲ့ပဲကြုံကြုံ အပျက်ဘက်ကသာ အရင်တွေးတတ်တဲ့သူတွေ တွေ့ဖူးကြမှာပါ။ ဒါတွေဟာ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ ငယ်စဉ်ကတည်းက ကလေးကို အနီးကပ်ပျိုးထောင်ခဲ့တဲ့ မိဘအုပ်ထိန်းသူများနဲ့ ပတ်သက်နေတာပါပဲ။

တွေ့ရှိချက်များအရ ကလေးကို အနီးကပ်ပြုစုနေတဲ့သူက အဆိုးမြင်တတ်တယ်ဆိုရင် ကလေးမှာ အဲဒီအဆိုးမြင်တတ်တဲ့စိတ်က စွဲကပ်လာနိုင်ပါတယ်။ များသောအားဖြင့် ကလေးနဲ့ နီးနီးကပ်ကပ် ရှိတတ်သူဟာ မိခင်တွေပါ။ တစ်ခါတစ်လေမှာတော့ အဖေ၊ အဒေါ်၊ ဒါမှမဟုတ် အိမ်အကူတစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။

သူတို့က နေ့စဉ်ကြုံနေရတဲ့ အဖြစ်အပျက်တွေမှာ ဘယ်လိုသဘောထားသလဲ၊ ဥပမာ တည်ထားတဲ့ ထမင်းအိုး တူးသွားတယ် ဆိုပါတော့၊ ဟာ သွားပါပြီ၊ တစ်အိမ်လုံးတော့ ငတ်ကုန်တော့မှာပဲ၊ ဘယ်သူကဖြင့် ဆူတော့မှာပဲ၊ ငါက အသုံးကိုမကျဘူး စသဖြင့် ပြောနေတာတွေက ကလေးရဲ့စိတ်ထဲမှာ ပြဿနာတစ်ခုနဲ့ ကြုံတဲ့အခါ တုံ့ပြန်ရမယ့်ပုံစံကို သင်ပေးနေတာနဲ့ အတူတူပါပဲ။ ပြဿနာတစ်ခုနဲ့ ကြုံရင် အဖြေကိုမရှာဘူး၊ ဖြစ်ပြီးသား ပြင်မရတာတွေကို ညည်းတွားတယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်၊ တင်တဲ့နေရာမှာလည်း ငါဟာ အရမ်းမေ့တတ်တာပဲလောက် ပြောတာမဟုတ်ဘဲ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဒီ ထမင်းအိုးတူးသွားတာလေးနဲ့ အကဲဖြတ်ပစ်တယ်။ ဒီတော့ ကလေးဟာလည်း ဘာကိစ္စပဲကြုံကြုံ စိုးရိမ်ပူပန်တယ်။ အဖြေထက် တရားခံကို ရှာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလာတယ်။ ဒါကြောင့်မို့ ကလေးကို အနီးကပ်စောင့်ရှောက်တဲ့သူတွေဟာ အကောင်းမြင်စိတ် ရှိဖို့ ၊ မရှိရင်တောင် ကလေးရှေ့မှာ သူတို့ရဲ့ အဆိုးမြင်စိတ်ကို ထုတ်ဖော်မပြသဖို့ သိပ်အရေးကြီးပါတယ်။

၃။ ကလေးက အမှားတခုခု လုပ်တဲ့အခါ

ပညာရှင်တစ်ယောက်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ အကောင်းမြင်စိတ်နဲ့ ပတ်သက်ပြီး လေ့လာပါတယ်။ လေ့လာတဲ့အခါ အမှတ်နည်းတဲ့ကျောင်းသားတွေကို ဘာလို့ဒီလို အမှတ်နည်းတာလဲ မေးတော့ ကျောင်းသားတွေက ကျွန်တော် အာရုံစိုက်တာ နည်းသွားလို့၊ ဒီတစ်လော ဂိမ်းကစားတာ များသွားလို့ စသဖြင့် ပေါ့ပေါ့ပါးပါး ဖြေသွားကြချိန်မှာ ကျောင်းသူတွေကတော့ သမီးက အသုံးမကျဘူး၊ သမီးက ဉာဏ်မကောင်းဘူး ဆိုတဲ့ အဖြေမျိုးတွေ ပေးကြတာကို တွေ့ရပါသတဲ့။

ဘာကြောင့်ပါလဲ။ အတန်းထဲမှာ စာမလုပ်တဲ့ ကျောင်းသားကျောင်းသူတွေကို ဆရာ၊ဆရာမတွေက ဘယ်လိုပြောသလဲဆိုတာနဲ့ သက်ဆိုင်နေပါတယ်။ ကျောင်းသားတွေကိုတော့ နင်တို့တွေ ဉာဏ်ကောင်းရက်နဲ့ စာမှမလုပ်ကြတာ ဆိုတာမျိုးပြောပေမယ့် ကျောင်းသူတွေကိုတော့ တကယ့်ကို အသုံးမကျတဲ့သူ၊ ဉာဏ်မမီတဲ့သူတွေအဖြစ် တံဆိပ်ကပ် ပြစ်တင်လိုက်ကြပါတယ်။ ရလဒ်အနေနဲ့ ကျောင်းသားတွေက ဒီရှုံးနိမ့်မှုအပေါ် ခဏတာလို့ပဲ မြင်တယ်၊ သူတို့ခဏတစ်ဖြုတ် အာရုံစူးစိုက်မှုနည်းသွားလို့ အမှတ်နည်းတာ၊ ပြန်ကြိုးစားရင် ရနိုင်တယ်လို့ ခံယူတယ်။ ကျောင်းသူတွေကတော့ သူတို့အတွက် ဒါဟာ ထာဝရအရှုံးပဲလို့ မှတ်ယူနေကြတယ်၊ သူတို့ ဉာဏ်မကောင်းလို့၊ အသုံးမကျလို့ ဒီလိုဖြစ်တာလို့ ထင်နေတယ်။ ဒီတော့ ဒီအရှုံးကနေ ပြန်ထနိုင်ဖို့ရာ မလွယ်တော့ဘူး။

ဒါကြောင့်မို့ ကလေးတစ်ယောက် အမှားတခုခု လုပ်မိတဲ့အခါ ကျွန်တော်တို့လူကြီးတွေ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သိပ်အရေးကြီးပါတယ်။ သူက ကိုယ့်အတွက် ရေခပ်လာပေးတယ်။ ခွက်က ကျကွဲသွားတယ်။ အဲဒီအချိန်မှာ လန့်ကောင်းလန့်နေနိုင်တယ်။ ဒီအခါ မိဘဖြစ်သူက ရေခပ်လာပေးတာ တော်လိုက်တာ၊ ခွက်ကျကွဲတယ်ဆိုတာ ဖြစ်တတ်တာပဲ၊ သား/သမီးမှာ ဘာမှမထိခိုက်လိုက်တာ ဘယ်လောက်ကံကောင်းလဲ စသဖြင့် ကောင်းကွက်လေးတွေရှာ ချီးကျူးပြီး အားပေးပေးဖို့ လိုမယ်။ ပြီးတော့မှ နောက်တစ်ခါ ဒီလိုမဖြစ်အောင် တို့တွေဘယ်လိုလုပ်ကြမယ်ဆိုတာမျိုး ပြောပြပေးနိုင်ပါတယ်။

ဒီလိုအုပ်ထိန်းမှုပုံစံမျိုးနဲ့ အလေ့အကျင့်ရလာတဲ့ ကလေးတစ်ယောက်ဟာ ကြီးပြင်းလာတဲ့အခါမှာ သူကြုံရသမျှ အခက်အခဲတွေ၊ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်နိုင်မှာဖြစ်ပြီး သူ့ကိုယ်သူလည်း ယုံကြည်မှုရှိနေမယ်၊ ရှုံးနိမ့်မှုတွေကနေလည်း အမြဲတမ်း ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

ကလေးကောင်းမှ လူကြီးကောင်းမှာ ဆိုတဲ့စကားအတိုင်းပါပဲ။ တချို့တွေ ဆယ်ကျော်သက်ဘ၀မှာကတည်းက သိပ်ကိုတော်နေကြတာတွေ တွေ့ဖူးမှာပါ။ သူတို့တွေကို သတိထားကြည့်လိုက်ရင် ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ထားတဲ့ မိဘအုပ်ထိန်းသူတွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့်မို့ ကလေးတွေကို ကျန်းမာအောင်၊ သန်စွမ်းအောင် စောင့်ရှောက်ပေးရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ရှိနေအောင်ပါ ပျိုးထောင်ပေးဖို့ သိပ်အရေးကြီးပါတယ်။